image




Thursday, 1 November 2012

ရေပြာလွင်ပြင်ဆီသို့


ဖွတ်ချက်ဖွတ်ချက်နှင့် စက်တပ်သမ္ဗန်လေးတစီး သီလ၀ါ ရေလယ်ဘွိုင်တခုရှိရာသို့ တဖြည်းဖြည်းမောင်းနှင် ချဉ်းကပ် သွားသည်။ ပြီးတော့ ဘွိုင်မှာချည်နှောင်ထားသော ရေယာဉ်ဦးကြိုး (သံကြိုး) ကို တဆင့်ချင်း ဖြုတ်လိုက်သည်။ ရေယာဉ် နှင့် ဘွိုင်တဖြည်းဖြည်းကွာသွားသည်။ သံကြိုးဆွဲတင် နေရာချသံ၊ ဘဲလ်တီးသံ၊ စက်ရှိန်မြှင့်သံတို့နှင့်အတူ ရေယာဉ်ဦး တဖြည်းဖြည်း လှည့်ကာမြစ်ရိုးအတိုင်း ရေယာဉ်စတင်ခုတ်မောင်းလေပြီ။


ကျနော့် စိတ်ထဲမှာ သွက်လက်ပေပါ့ပါးမှုကို ခံစားလိုက်ရသည်။ ရုံးတက်ရုံးဆင်း တနေကုန် ရုံးခန်းကျဉ်းကျဉ်း လေးထဲက ဖိုင်ပုံတွေကြားမှာ လက်နှိပ်စက်တလုံးနှင့် ခြေညောင်းလက်ညောင်းခံ မျက်စိလည်းမှုံအောင် အလုပ်များရသော နေ့တဓူဝ ပြောင်းလဲခြင်းမရှိသော တာဝန်ဝတ္တရားများကို ထမ်းဆောင်ရခြင်းမှ ကာလတခု သက်သာလွတ်ကင်းရတော့မည် သိနေမိ ပါသည်။
မျက်စိမှုံ ခါးကုန်း…. ရုံးစာရေးအလုပ်ကို ကာလကြာရှည်စွာ လုပ်ကိုင်ရသော အနှီဘယ်သူမဆို မညည်းမညူ နေနိုင်ပါအံ့ နည်း။ တခါတလေ အလုပ်ကအရေးကြီးပါသည်ဆိုမှ လက်နှိပ်စက်အားမည့်အချိန်ကို တန်းစီကာ စောင့်ဆိုင်းရသေး သည်။ ရုံးတခုလုံးမှာမှ လက်နှိပ်စက်ရှိတာက သုံးလုံး။ ဌာနတွေက အများကြီး။ ကိုယ်စီကိုယ်စီ အလုပ်ဆုံကျ လာပြီဆို လျှင် လက်နှိပ်စက်တွေ အပတ်မလည်နိုင်တော့။ ဒါတောင်မှ အိုလစ်ဗတီ၂လုံးက သိပ်မကောင်းချင်။ ကက(ရေ) ကဲ့သို့ သော ဌာနကြီးများသို့ ပေးပို့ရမည့်စာဆိုလျှင် နည်းနည်းပိုကောင်းသော အိုလံပီယာနှင့် ရိုက်မှအဆင်ပြေသည်။ သည် တော့ ကိုယ့်အလှည့်ရောက်ဖို့ အချိန်အတော်ပေးစောင့်ဆိုင်းရသည်။ စိတ်မြန်လက်မြန် ရှိလှသော သူငယ်ချင်းတဦးက
ညည်းတွားဖူးသည်။
“သူများနိုင်ငံတွေမှာ ကွန်ပြူတာကို ထည်လဲသုံးနေရတဲ့အချိန် ငါတို့မှာတော့ လက်နှိပ်စက်ရိုက်ရဖို့  တန်းစီစောင့်နေရ တယ်။ ဒါလားကွ.. ခေတ်မီတပ်မတော်..” တဲ့။
ခုတော့ သည်အလုပ်တွေကို ခေတ္တမေ့ပစ်ကာ အတွေးအိမ်ထဲမှာသာ ရှိခဲ့ဖူးသော ကမ္ဘာသစ်တခုဆီသို့ တဒင်္ဂပြေးလွှားခို လှုံခွင့် ရပေတော့မည်။ အဲဒီမှာ သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေကို အဆုတ်တွေကားသွားအောင် တ၀ကြီးရှူသွင်း ပစ်လိုက်မည်ဟု အားခဲထားမိသည်။ သည်တခေါက်က ကျနော့်အတွက် ပထမဦးဆုံး ပင်လယ်ပြင်လေ့လာရေးခရီး။ ရင် ထဲမှာ အပျော်ငွေ့တွေလှိုင်နေသည်။
ဒီရေကျချိန်မှာ ရေယာဉ်ထွက်ခွာလာသည်မို့ စရိတ်ကုန်သက်သာသောမိုင်နှုန်းဖြင့် မောင်းနှင်လာသည်ဆိုသော်လည်း မြင်ကွင်းတွေကို တရိပ်ရိပ်ကျော်ဖြတ်လာသည်။ မည်သည့်နေရာ မည်သည့်ရွာတွေမှန်းတော့ မသိ။ မြစ်ကမ်းဘေး ၀ဲယာ တလျှောက်တွေ့မြင်နေရသော လူနေအိမ်ခြေရွာတန်းတွေ၊ရွှေဝါရောင်သန်းစပြုနေသော လယ်ကွင်းတွေကို ကြည့်ရသည် မှာ စိတ်ချမ်းမြေ့စရာ။ တချက်တချက် မျက်နှာချင်းဆိုင်အရပ်မှာ မောင်းနှင်လာသော အခြားစစ်ရေယာဉ်များနှင့် ဆုံတွေ့ ရာတွင် အပြန်အလှန် အလေးပြုပိုက်မှုတ်သံ ကြားရသည်။ ရေယာဉ်အမျိုးအစားအလိုက် ကိုယ်ကကြီးလျှင် သူက အရင် အလေးပြု၊ ကိုယ်ကငယ်လျှင် ကိုယ်က အရင်အလေးပြု။
ယခုမှပင် မိမိကိုယ်မိမိ ရေတပ်သားတဦးပီသသွားပြီဟု အထင်ရောက်မိပြန်တော့သည်။ ရေတပ်ထဲဝင်လျှင် စစ်သင်္ဘော စီးရမည်ဆိုသည်က ယေဘုယျ သတ်မှတ်ချက်။ ရေတပ်ထဲမှာ သက်ပြည့်အငြိမ်းစားယူသည်အထိ တာဝန်ထမ်းဆောင် သွားပြီး စစ်ရေယာဉ်ကို ကျကျနန မစီးဖူးသူတွေ တပုံတပင်။ ရေတပ်မှာ လူအင်အားနည်းသော်လည်း ပညာသည် အုပ် စုအလိုက် ပညာသည်အမျိုးအစားပေါင်း ၅၀ ကျော်ရှိရာ ရေယာဉ်ဆင်းခွင့်ရှိသော ပညာသည်အမျိုးအစားမှာ တ၀က်မျှ ပင်မရှိချေ။
စာရေးကဲ့သို့သော အုပ်ချုပ်မှုပညာသည်များအတွက် ဗျူဟာစစ်ရေယာဉ်စုရှိ ရေယာဉ်များတွင်သာ ဖွဲ့စည်းပုံအရ ပါဝင် သည်။ ဌာနချုပ်လက်အောက်ခံ ရေယာဉ်များတွင်မူ ရုံးလုပ်ငန်းကို အခြားသောပညအမျိုးအစား စစ်သည်ကို တာဝန်ပေး ဆောင်ရွက်သည်။ သည့်အတွက် စာရေးများ ပင်လယ်ပြင်လုပ်သက်ရလိုလျှင် ဗျူဟာစစ်ရေယာဉ်စုကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခွင့်ရအောင် အရင်ကြိုးပမ်းရသည်။ အဲသည်နောက်မှ ရေယာဉ်တွင် အမှုထမ်းဆောင်သည့်ကာလကို ပင် လယ်ပြင်လုပ်သက်အဖြစ် တပ်မတော်မှတ်တမ်းရုံးမှ တွက်ချက်အတည်ပြုပေးသည်။ ပင်လယ်ပြင်လုပ်သက် ၂ နှစ်ရရှိ လျှင် တပ်ကထွက်သည့်အခါ နိုင်ငံခြားသင်္ဘောသားအဖြစ် လျှောက်ခွင့်ရနိုင်သည်ဟု ကျနော်ကြားဖူး ထားပါသည်။
ယခု ခရီးစဉ်တွင် ကျနော်လိုက်ပါခွင့်ရရှိဖို့အရေး ကျနော်တို့ဌာနအကြီးအကဲ စီအိုကြီးကို အမျိုးမျိုး နားပူနားဆာ လုပ်ခဲ့ရ ပါသေးသည်။ သည်ရုံးသို့ ကျနော် ရောက်ရှိတာဝန်ထမ်းဆောင်သည်မှာ ၂ နှစ်ခန့်ရှိပေပြီ။ ရုံးပေါ်တွင် အရင်တာဝန်ထမ်း ဆောင်ပြီးမှ သင်္ဘောဆင်းလျင် ရေယာဉ်ကောင်းကောင်းသို့ ရောက်သည်ဟု သူငယ်ချင်း တဦးက စီစဉ်ပေးသဖြင့် ရုံး ပေါ်မှာသောင်တင်နေခြင်းဖြစ်ပေသည်။ သည်အတောအတွင်း တပ်တွင်းသက်သာဆိုင်မှာ စားရင်းသောက်ရင်း ရေယာဉ် ဆင်းသွားသည့် သူငယ်ချင်းများ ပြန်လည်ဖောက်သည်ချသော ပင်လယ်ပြင် အတွေ့အကြုံတွေကို တမေ့တမောနား ထောင်ပေးရသည်။
ရေယာဉ်အမျိုးအစားအလိုက် တာဝန်ထမ်းဆောင်ရပုံချင်း မတူသဖြင့် အတွေ့အကြုံတွေစုံသည်။ အခြေအနေတွေ ကွာ ခြားသည်။ လှိုင်းကြားလေကြားမှာ သက်စွန့်ဆံဖျား ၀ါးလတ်ဖမ်းရသည့် သဲထိတ်ရင်ဖိုဇာတ်လမ်းများ၊ ပင်လယ်ပြင်ကို လိပ်စီးပြီး ခရီးနှင်ရသူတွေအကြောင်း၊ လှိုင်းမူးသည့်ဒဏ်မခံနိုင်သဖြင့် ပင်လယ်ပြင်ဆိုလျှင် အပြန်တရာဆလံသသည် ဆိုသူတွေအကြောင်း၊ အခေါက်ရေစိပ်စိပ်လေးဖြင့် ဒိုးဇက်အရသာကို ပါးပါးလေးအဆက်မပြတ် ခံစားနေရသူတွေအ ကြောင်း၊ တခါတရံ မုန်တိုင်းကြားမှာ ဇနကထုံးနှလုံးမူရင်း သေကံမရောက်သက်မပျောက်ခဲ့ ရသူတွေအကြောင်းလည်း ပါဝင်သည်။
ထိုအချိန်က ဖိုက်စီးရီးခေါ် ၄၅မီတာ အမြန်သွားတိုက်ခိုက် ရေးရေယာဉ်များ ခေတ်စားနေသည့်ကာလ ဖြစ်ပါသည်။ ကျနော်က ဈေးဦးမပေါက်သေးသော ၅၅၅ ရေယာဉ်ကို အရောက်သွားနိုင်ဖို့ အားခဲထားသည်။ စီအိုကိုလည်း စောင်းပါး ရိပ်ခြေ သတင်းပို့ထားသည်။ သူအင်မတန် ကြိုက်တတ်သော ကော်ဖီထုပ်ကလေးများ ဖျော်ပေးတိုင်း စကားစပစ်ကြည့် သည်။ သူ့ထံမှ အကြောင်းပြန်ချက်ကလည်း အားရှိစရာ။ “ငါ့တပည့် ဘာမှမပူနဲ့ စီအို မင်းအတွက် အကောင်းဆုံးစီစဉ် ထားတယ်” တဲ့။
ကံအကြောင်းမလှစွာပင် ကျနော့် စိတ်ကူးယဉ်အိပ်မက်ကို ကြာရှည်စွာ ကြည်နူးခွင့်မရလိုက်ပါ။ ကက(ရေ)မှ ဖိုက်စီးရီး ရေယာဉ်များကို ရေချစဉ်ကအတိုင်း အကောင်းပကတိဖြစ်အောင် ပြုပြင်မွမ်းမံပြင်ဆင်ထားရမည်ဟု အမိန့်ထွက်ရှိလာပါ သည်။ ထိုရေယာဉ်များတွင် ပဲ့ထိန်းဒုံးပျံတပ်ဆင်မည်ဟု ကောလဟလ သတင်းများလည်း ထွက်ပေါ်လာသည်။ ပဲ့ထိန်း ဒုံးပျံနှင့်ဆိုလျှင် စစ်ဆင်ရေးထွက်ဖို့ မလွယ်။ အလွန်ဆုံးသုံးလျှင် VIP ခရီးစဉ် လောက်သာရှိမည်။ ကျနော့ အတွက် ဖြစ် နိုင်ခြေရှိသော လမ်းကြောင်းတခုတော့ ရှိပါသည်။ One Trip ဟု လူပြောများသည့် ပင်လယ်ပြင်ခရီးတခေါက်။ စစ်ဆင် ရေးထွက်သော ရေယာဉ်၌ permanent crew မဟုတ်ဘဲ ယာယီတွဲဖက်ကာ ခရီးတခေါက်လိုက်ပါ တာဝန်ထမ်းဆောင် ခြင်း။ အဲဒီလို လိုက်ပါနိုင်ဖို့ ဗျူဟာမှူး၊ G2 ၊ AQ2 တို့၏ သဘောတူညီမှု ရရှိဖို့လိုအပ်ပါသည်။
ကျနော်နှင့် ရင်းနှီးသော စီအိုတဦးကွပ်ကဲသည့် ရေယာဉ် အောက်ဖက်သို့ ခရီးထွက်မည်ဟု သတင်းရသဖြင့် စီအိုနှင့်သွား ရောက်တွေ့ဆုံကာ မိသားစုအခက်အခဲများကို တင်ပြမိသည်။ သူ့ဖက်ကတော့ ငြင်းစရာမရှိပါ။ သို့သော် ရုံးမှအကြီးအကဲ များ ကျေနပ်အောင် ကြိုတင်စကားကမ်းလှမ်းထားဖို့ မှာကြားသဖြင့် စီအိုကြီးကို ရိပ်ဖမ်းသံဖမ်းအကဲစမ်းကြည့်တော့ ထို သတင်းအတည်ဖြစ်လျှင် သူကူညီဖို့ အဆင်သင့်ပါပဲ ဟုသိရသည်။ သို့သော် သတင်းကအတည်မဖြစ်ခဲ့။ တရက်မှာ ရေ ယာဉ်တစီး အောက်ဖက်သို့ စစ်ဆင်ရေးခရီးထွက်ရန် အကြောင်းပေါ်လာသည်။ သို့ရာတွင် ကျနော့်အတွက်တော့ အခွင့် အရေးတခု ဖြစ်မလာခဲ့ပါ။ စိတ်ညစ်ညစ်နှင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး စီအိုကြီးကို ဂျစ်တိုက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
နောက်နေ့ကစ ကျနော်ရုံးမတက်တော့။
မိသားစုငွေရေးကြေးရေးအခက်အခဲ ကိုဖြေရှင်းရန်အတွက် တနေရာသို့ အလုပ်လုပ်ထွက်လုပ်ရန် မွေးရပ်မြေသို့ပြန်လာ ခဲ့ပါသည်။ ၅ ရက်လောက်ကြာတော့ အိမ်သူဇနီးထံမှ ဖုန်းဆက်အကြောင်းကြားလာသည်။ ချက်ချင်းအမြန်ပြန်လာပါ။ မိ သားစုအခက်အခဲတွေကို စီအိုကြီး သိသွားပြီ။ အချိန်မီသတင်းပို့ပါက သူစီစဉ်ပေးနိုင်ကြောင်း ကတိပေးပြီးဖြစ်သည်ဟု
ပြောပါသည်။ မယုံရဲယုံရဲဖြင့် အိမ်ပြန်လာကာ နောက်နေ့မှာ ရုံးတက်လိုက်ပါသည်။ စီအိုကြီးကို သွားသတင်းပို့သောအခါ စားမတတ်ဝါးမတတ် မျက်ထောက်နီကြီးနှင့်ကြည့်ကာ ဆဲပါတော့သည်။
ကျားရှေ့ကို ဒူးထောက်ခစားမိလျှက်သား မိမိအဖြစ်ကြောင့် သေမလိုရှင်ရှင်မလို မျက်လုံးလေး ပေကလတ်ပေကလတ် နှင့် အသနားခံရုံမှတပါး အခြားပြုလုပ်ရန် မစဉ်းစားတတ်တော့ပြီ။ သူက လက်သီးဆုပ်လိုက်၊ အံကိုတင်းတင်း ကြိတ် လိုက်၊ ကျနော့်ကို စူးစူးရဲရဲကြည့်လိုက် ပြီးတော့ လက်ဆွဲသေတ္တာ (attache case) ထဲကို တခုခုရှာဖွေ လိုက်နှင့် အလုပ် ရှုပ်နေပါသည်။ ပြီးတော့ စာရွက်ခေါက်လေးတခုကို ခဏဖြန့်ကြည့်ကာ ပြန်ခေါက်လိုက်ပြီး သေတ္တာဘေးနားမှာ ချထား လိုက်သည်။ ကျနော်ကတော့ အမိန့်တော်ကိုနာခံဖို့ စောင့်ဆိုင်းနေသည့် ရာဇ၀တ် သားတဦးနှယ် မတုန်မလှုပ် ကျောက် ဆစ်ရုပ်။
ခဏကြာတော့ အခန်းထဲသို့ တပ်ရင်းကင်းကိုအုပ်ချုပ်သော ဆရာကြီးကွပ်(ကွပ်ကဲကြီး) ၀င်လာသည်။
“စီအို ကျနော့်ကို ခေါ်တယ်ဆိုလို့”
“ဆရာကြီး ခဏနေအုံး ပြီးမှဘာလုပ်ရမယ်ဆိုတာ ပြောမယ်”
သေချာပါပြီ။ ကျနော့်အမြင်အာရုံထဲမှာ အချုပ်ခန်းဝက သော့ခလောက်ကြီးပေါ်လာသည်။
“မင်းဒီအတိုင်းရပ်ပြီးစောင့်နေ.. ငါဗျူဟာမှူးနဲ့သွားတွေ့လိုက်အုံးမယ်..
ပြန်လာမှ မင်းနဲ့ငါထပ်တွေ့မယ်..ဟင်းး”
ပြောပြောဆိုဆို စီအိုကြီး ဗျူဟာမှူးအခန်းထဲကို တန်းတန်းမတ်မတ်ဝင်သွားသည်။
ရော..ခက်ပြီ။ ကျနော်ခွင့်မဲ့ပျက်ကွက်နေမှုကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်ပါက လက်ရုံးပေါ်က သုံးရစ်အဖတ်ကလေး နှစ်ခု ကွာကျသွား ပေရော့မည်။ သည့်ထက်ပိုဆိုးလျှင် အခန်းကျဉ်းကျဉ်းလေးထဲမှာ ၂၁ ရက်တာကွေးသွားနိုင်သည်။
သည်ကြားထဲ စားပွဲပေါ်တွင်နေရာယူထားသော “စစ်တရားရုံးများ လက်စွဲ” စာအုပ်ကြီးက ကျနော့်ကို ခြောက်လှန့်နေ သလိုလို…။ တွေးရင်းတွေးရင်း ကျောထဲစိမ့်လာသည်။
ဘေးနားမှာရပ်နေသော ဆရာတယောက်က ကျနော့်ကို စာနာသောမျက်နှာထားနှင့် ငေးကြည့် နေသည်။ ငါးမိနစ် လောက်ကြာတော့ စီအိုကြီးပြန်ရောက်လာပြီး လက်ထဲမှဖိုင်တခုကို စားပွဲပေါ်ဖုန်းကနဲပစ်ချကာ ထိုင်ခုံပေါ်ထိုင်လိုက် ရင်း…
“ မနက်ဖြန်ထွက်မယ့် သင်္ဘောတစီးရှိတယ်။ အဲဒါ အချိန်မီသတင်းပို့ပြီးလိုက်သွား… မင်းမျက်နှာကို မမြင်ချင်ဘူး.. သွား တော့” ဟု
ကျနော့်မျက်နှာကို မော့မကြည့်ဘဲပြောသဖြင့် ကျနော်လည်း မဆိုင်းမတွပင် “ဟုတ်..စီအို” ဟုဆိုကာ အလေးပြုပြီး တချိုး တည်း လစ်ထွက်မည်အပြု.. “ ခဏနေအုံး… အဆင်မပြေဘူးဆိုပြီး လူကပေါက်ကရ ထင်ရာလျှောက်လုပ်နေလို့ဖြစ် မလား.. မင်းအရက်သောက်လား”
“ဟုတ်.. တခါတလေတော့ သောက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေက တိုက်မှပါ”
“လုံးဝ မသောက်ရင်တော့ကောင်းတယ်။ ဘုရား တရားလေးဘာလေးလုပ်။ ဘုရားရှိခိုးရောရလား”
“ ဟုတ်”
“ ရော့.. ဒီမှာ နမောတေဆယ့်တချက် ဂါထာယူသွား… ခဏခဏရွတ်..
ငါးပါးသီလလုံအောင်နေ ငွေရေးကြေးရေး ခက်ခဲရင် အပိုဒ် ၆ ကို ထပ်ခါထပ်ခါ ယုံယုံကြည်ကြည်ရွတ် ကြားလား”
“ ဟုတ်”
“ ဆရာကြီးကွပ်ဆီမှာ MO (movement order) ယူပြီး သွားတော့”
သည်လိုနှင့် ကျနော်၏ ပထမဦးဆုံး ပင်လယ်ပြင်လေ့လာရေးခရီး အစပြုနိဒါန်း ပျိုးခဲ့ရလေသည်။

No comments:

Post a Comment